Search
  • Nandar

Silence Is Violence


Silence is violence.

မြန်မာနိုင်ငံမှာက သမားရိုးကျ ဘောင်အတွင်း မနေပေးတတ်ဘူးဆိုရင် အသက်ရှု ခက်ရလိမ့်မယ်။ လူကြိုက်နည်းလိမ့်မယ်။ ရိုးရာယဉ်ကျေးမှု နာမည်အောက်မှာ သတ်မှတ်ထားတဲ့ ယောကျာ်း တာဝန်၊ မိန်းမ တာဝန်ဆိုတာကို မယူရင် လူတွေရဲ့အသိအမှတ်ပြုခြင်း နဲ့ လက်ခံခြင်းကို မခံရဘူး။ ဒီနိုင်ငံမှာ gayဖြစ်ရတာလဲ ခက်၊ feminist ဖြစ်ရတာလဲခက်၊ lesbian ဖြစ်၇ ခက်ပဲ။ ဒီလို လူကြိုက်နည်းရတာက ဖီးမီးနစ် ဖြစ်တာ ဂေးဖြစ်တာ မကောင်းတဲ့ အရာဖြစ်နေလို့ ၊ ပတ်ဝန်းကျင်ကို ထိခိုက်နေတဲ့ အရာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒီ ရိုးရာယဉ်ကျေးမှုကို ဖက်တွယ်နေသူများနေတဲ့ နိုင်ငံတော်ကြီးမှာ ကျမတို့ ရှင်သန်နေသေးလို့ပဲ။

အဲဒီကျမတို့ ဖက်တွယ်နေတဲ့ ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ လေ့ကျင့်မှုတွေထဲမှာ အကြမ်းဖက်မှုကို ပုံမှန်ဖြစ်နေကျ အရာတစ်ခုလို မြင်ဖို့သင်ပေးတာပဲ။ အဲ့အတွက်ကျမတို့ ငယ်ငယ်ကတည်းက သင်တန်း စ ပေးတော့တာပဲ။ သမီးတွေကို ကိုယ့်ဘဝကိုယ့် ထူထောင်နိုင်သူဖြစ်အောင် ပြင်ဆင်သင်ကြားပေးတာထက် အကြမ်းဖက်မှုတွေကို လက်ခံနိုင်သူဖြစ်အောင် ပြင်ဆင်ပေးကြတယ်။ အကြမ်းဖက်မှုဆိုတာကို ရှောင်လွှဲလို့ မရတဲ့ အရာတစ်ခုလို့ မြင်အောင် ပုံသွင်းပေးတယ်။ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့သည်ရှိသော်လည်း ကူညီ နားထောင်၊ ဖြေရှင်းပေးတာမျိုးထက် သည်းခံနေခြင်းကသာ အကောင်းဆုံးသော ရွေးချယ်မှုလို့ လွှဲပြောလိုက်တယ်။

ဘာအကြမ်းဖက်မှု အကြောင်းကို ပြောနေတာလဲ လို့ သိချင်ရင်။ အစုံပါပဲ။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု၊ မုဒိန်းမှု၊ အိမ်တွင်းရေး အကြမ်းဖက်မှု၊ နှုတ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စသဖြင့် ကျမတို့ မကြားချင်သမျှ အကြမ်းဖက်မှုတိုင်း ကို ဆိုလိုနေတာဖြစ်တယ်။

လူတွေက ကျမကို မကြာခဏဆိုသလို ဖီးမီးနဇမ်က အနောက်တိုင်း ယဉ်ကျေးမှုလို့ စွပ်စွဲပြောတတ်လေ့ရှိတယ်။ ဖီးမီးနဇမ်က အနောက်တိုင်းရဲ့ ဖန်တီးမှု တစ်ခု မဟုတ်ဘူး၊ သူတို့က တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ တန်ဖိုးရှိ လှုပ်ရှားမှု တစ်ခုကို နာမည် ပေးလိုက်တာပဲ ရှိတယ်။ မြန်မာနိုင်ငံမှာက လူကြိုက်နည်းတဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ကြိုးစားပြီးဆိုတာနဲ့ ငါတို့ ယဉ်ကျေးမှု မဟုတ်ဘူး ဆိုတဲ့ စကားလုံးပဲ ပြစ်ပေါက်တတ်ကြလေ့ရှိတယ်။

ထို့နည်းတူပဲ အကြမ်းဖက်မှု ဆိုင်ရာ ခေါင်းစဉ်ကို ကျမတို့ အလွယ်တကူ ရှောင်လွှဲကျတယ်။ ဘာကြောင့်လဲ။ တစ် ပြဿနာကို ပြဿနာလို့ မမြင်နိုင်တာက ကျမတို့ရဲ့ အကြီးမားဆုံးသော အားသာချက်ပဲ။ အဲ့လို ပြဿနာလို့ မမြင်ပေးဘူးဆိုရင် ဝင်ဖြေရှင်းစရာ မလိုတော့ဘူးလေ။ ငါတို့ ဖြစ်တာမှ မဟုတ်တာ။ "သူများ မိသားစု ကိစ္စပါကွာ။" "သူက အနေအထိုင်မှာ မဆင်ခြင်တာ။" "ဟယ်... သူ အရက်သောက်ထားလို့ပါကွယ်။" "ည ည အပြင်ဘာလို့ ထွက်တာလဲ။ " "မိန်းမဖြစ်ပြီး ကိုယ့်ယောကျာ်းကို အိပ်ယာပေါ် ပျော်အောင် ဘာလို့ မထားတာလဲ။" အဲ့လိုနဲ့ပဲ ကျမတို့ဟာ အကြမ်းဖက်မှုကို ရှိတယ်လို့ အသိအမှတ် မပြုတဲ့ ကျင့်သားရတဲ့ လူအဖွဲ့အစည်းဖြစ်လာတယ်။ မျိုးဆက်တစ်ခုပြီး တစ်ခု သေသွားတယ် ဒါပေမဲ့ အကြမ်းဖက်မှုက ရှင်သန်ဆဲ ရှင်သန်မြဲ။

အကြမ်းဖက်မှု တွေက ယေဘုယျ ကြည့်မယ်ဆိုရင် လူနှစ်ယောက်၊ မိသားစု တစ်စု၊ ရပ်ကွက်တစ်ခုထဲနဲ့ ပဲတိုက်ရိုက် သက်ဆိုင်တယ်လို့ မြင်ရပေမဲ့ ကျမတို့ အယောက်တိုင်းမှာ ဒီကိစ္စကို အသိအမှတ်ပြု ပါဝင်ဖို့၊ဆွေးနွေးဖို့၊ဖြေရှင်းဖို့လိုတယ်။ collective guiltကော်လပ်တစ် အပြစ်ယူခြင်းတစ်ခုပဲ။ ဘာကြောင့်လဲဆိုတာ အကြမ်းဖက်မှုတွေကို လုပ်ဆောင်ဖို့ လူတွေ ဘာကြောင့် အရမ်း စိတ်သက်တောင့် သက်သာ ဖြစ်ကြလဲ။ သူတို့ လုပ်လဲ ဘာနောက်ဆက်တွယ် ရလဒ်ဆိုးမရှိဘူးဆိုတာ သိနေရင် ဒီ မတရားတဲ့၊ အကြမ်းဖက်တဲ့ အရာကို လူတွေကလုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ နှစ်ခါတွေးမှာလည်း မဟုတ်ဘူး။ အကြမ်းဖက်မှုတွေက ပပျောက်ရခက်နေရတဲ့ အဓိက အကြောင်းရင်းက အကြမ်းဖက်မှု လုပ်နေတဲ့သူ များလို့ မဟုတ်ပါဘူး။ ကောင်းတဲ့လူတွေ အရမ်း များနေတဲ့ ကမ္ဘာကြီးပါ။ အဲ့ဒီလုပ်နေတဲ့ လူနည်းစုတွေက နောက်ဆက်တွယ် အပြစ်ယူခြင်းမခံရပဲ လွှတ်ထားခြင်း၊ ခွှင့်လွှတ်ပေးခြင်း၊ ကာကွယ်ပေးခြင်း ခံနေရလို့ပဲ။


ကြောက်စရာ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး သော ခွင့်လွှတ်ပေးခြင်း ကာကွယ်ပေးခြင်းနည်းက ငြိမ်သက်ခြင်းကပဲ စတယ်။ ဒီလို မတရားမှု တစ်ခုခု ဖြစ်နေတာ ကျမတို့ ကြားတယ်၊ သိတယ်၊ မြင်တယ်ဆိုရင် ကျမတို့မှာ အသံထွက်ဖို့ တာဝန်ရှိတယ်လို့ ကျမ တွေးစေချင်တယ်။ တာဝန်ယူစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အသံတိတ်မှုတွေ ကြောင့် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ပိုခက်နေတယ်။ ဒီလို အသံထွက်ဖို့ဆိုတာကလည်း ကျမတို့ ဖီးမီးနစ် ဖြစ်ဖို့၊ အားကြီး အားကောင်းရှိဖို့၊ ပညာတတ်ဖြစ်ဖို့၊ စာလုံးပေါင်း မှန်ဖို့၊ ဖေ့စ်ဘုတ်ပေါ်တင်ဖို့ မလိုပါဘူး။ မိမိမှာ ရှိတဲ့ စွမ်းရည်နဲ့ လက်လှမ်းမှီနိုင်တဲ့ လူအုပ်စု (သူငယ်ချင်းတစ်ယောက်ကိုပဲ ဖြစ်ဖြစ်) ပြောပြခြင်းကနေစလို့ ရတယ်။ ဒီလို စကားဝိုင်းကို ကျမတို့ များများ ပြောဆိုနိုင်မယ်ဆိုရင် အကြမ်းဖက်မှုဆိုတာကို ကျမတို့ ရိုးရာ ယဉ်ကျေးမှု အဘိဓါန် ထဲကနေ တဖြည်းဖြည်း ထုတ် နိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။


အကြမ်းဖက်မှုဆိုတာ ဘယ်လောက်သေးသေး၊ ဘယ်လောက်ကြီးကြီး မကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။


#silenceisviolence #feministalkswithnandar #speakup



1 view0 comments