Search
  • Nandar

ရင်သားတို့အကြောင်း တစေ့တစောင်း

အမျိုးသမီးခန္ဓာကိုယ်နဲ့ပတ်သက်လာရင် သိပ်ပြောလေ့မရှိတဲ့၊အရှက်တရားနဲ့ပြည့်တတ်တဲ့ နောက် ခေါင်းစဉ်တစ်ခုက ရင်သားအကြောင်း ဖြစ်တယ်။ ရင်သားတွေဟာ လှပပြီး လုပ်ငန်းများစွာကို တာဝန်ယူထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်နေသော်လည်း အဲ့ဒီ ရင်သားရဲ့ ကျန်းမာရေး၊ လူမှုရေး အကြောင်းကို ကျမတို့တွေ မပြောချင်ကျဘူး။

ရင်သားနဲ့ ပတ်သက်တဲ့ ရောဂါ ဝေဒနာခံစားရပြီးဆိုရင် ကျမတို့က နှုတ်ဆိတ်နေတတ်တယ်။ ဒီလိုဖြစ်နေရတာ ဘာကြောင့်များလဲ။ ဘယ်သူ့ကြောင့်များလဲလို့ စဉ်းစားချင်စရာကောင်းနေတယ်။ လူတိုင်းမှာ မတူညီတဲ့ အဖြေကိုယ်ဆီ ရှိနေမှာသေချာပေမဲ့ အခြေခံအကြောင်းပြချက်ကတော့ အရှက်တရားပဲဖြစ်နေတတ်တယ်။

ဒီအရှက်တရားကို ဖယ်ရှားဖို့က ကျမတို့တွေ ရင်သားရဲ့ အရေးပါမှုကို နားလည်ထားမှ ဖြစ်မယ်။

၁) ပထမဆုံးကတော့ ပိပိလိုပဲ ကျမတို့ရင်သားကို ကျမတို့ ရင်းနှီးကျွမ်းဝင်ဖို့ အရေးကြီးတယ်။ ရင်သားကို ကိုင်တွယ်ပါ။ လေ့လာပါ။ ခံစားကြည့်ပါ။ ကိုယ်ရင်သားရဲ့ အရွယ်အစား၊ ပုံစံ နဲ့ အရောင်ကို သိထားရမယ်။ ကိုယ်ရင်သားကို အရှိအတိုင်း ( သေးသေး၊ကြီးကြီး) လက်ခံတာက အရေးကြီးဆုံးသော မိမိကိုယ်ကိုယ်မိမိ ချစ်နည်းဖြစ်နိုင်တယ်။

၂) ရင်သားအကြောင်းပြောပြီးဆိုရင် နို့သီးအကြောင်းလည်း သီးသန့်ထည့်ပါဖို့လိုအပ်တယ်။ နို့သီးတွေဟာ အရောင်မျိုးစုံတွေရှိကြတယ်။ အမွှေးအမျှင်တွေနဲ့ ဝန်းရံထားတဲ့နို့သီးခေါင်းတွေရှိသလို တစ်ချို့ကျတော့လည်း အမွှေးအမျှင်မရှိကျဘူး။ ခန္ဓာကိုယ်ရဲ့ ဟောမုန်းနဲ့ အခြားသော ဖြစ်တည်မှုကြောင့် ဒီလို ကွာဟမှုရှိပါလိမ့်မယ်။ တချို့သူတွေက Athelia အခြေအနေကြောင့် နို့သီးနှစ်ဖက်လုံး (သို့) တဖက်မပါပဲ မွေးတတ်ကြတယ်။ ကလေးများကို နို့တိုက်ရမှာ နို့သီးကနေဆင့် နို့ရည်လာတာဖြစ်သောကြောင့် ကလေးများကို နို့တိုက်ရသော ၃၂ ရာခိုင်းနှုန်းသော မိခင်များသည် ပထမလတွင် (တစ်ချို့အတွက်က ကာလကြာကြာ) နို့သီးခေါင်း အက် ခြင်းကို ကြုံတွေ့ခံစားရတတ်လေ့ရှိသည်ဟု သိရပါတယ်။ ဒီလိုကြုံတွေ့ခဲ့ရလျှင်လည်း ဆေးရုံ၊ဆေးခန်း သွားရောက် ပြသခြင်းကို ပြုလုပ်ပါ။

၃) ရင်သားတွေဟာ ခန္ဓာကိုယ်ရဲ့ အခြားအဖြစ်အပျက်တွေရဲ့ ညွှန်းကြားရေးမှူးအနေနဲ့လည်း တာဝန်ယူနိုင်တယ်။ အပျိုဖော်ဝင်ဖော်ခါစကနေ စပြီး ကျမတို့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကို ကိုင်တွယ်နိုင်ခဲ့တယ်။ ဥပမာ- ရာသီလာခါနီးဆိုရင် ရင်သားတွေ တင်းလာတာတို့၊နာလာတာတို့နဲ့ အချက်ပြတတ်တယ်။ လေ့ကျင့်ခန်းအရမ်းလုပ်နေတယ်ဆိုရင်ရင်လည်း ရင်သာတဝှိက်မှာ နာကျင်မှုကို ခံစားနေရလိမ့်မယ်။ ဒီလို နာကျင်မှု (သို့မဟုတ်) အခြားသော တမူထူးခြားစွာ ခံစားနေရတာရှိလာတယ်ဆိုရင်လည်း သတိထားပေးပါ။ ဂရုစိုက်ပေးပါ။

၄) ရင်သားကင်ဆာဖြစ်မှုကြောင့် ရင်သား တဖက် (သို့) နှစ်ဖက်လုံး ဖယ်ထုပ်မှုကို ခံယူထားသော အမျိုးသမီးတွေလည်း ရှိလာတယ်။ ဥပမာ- ကမ္ဘာကျော် မင်းသမီး Angelina Jolieဆိုရင် mastectomy (သားမြတ်ဖယ်ထုတ်ခြင်း) ခံယူထားသူဖြစ်တယ်။ ၂၀၁၈မှာ WHOက ထုတ်လွှတ်ထားတဲ့ မြန်မာနိုင်ငံမှာ ရင်သားကင်ဆာကြောင့် သေဆုံးသူအရေအတွက်မှာ (၂၈၅၉) ဦးရေ ဖြစ်ပြီး စုစုပေါင်း သေဆုံးမှုနှုန်းရဲ့ ဝ.၇၅မှာ ရှိနေတာကို တွေရတယ်။ ရင်သားကင်ဆာက အမျိုးသမီးတွေသာ ဖြစ်တတ်တာမဟုတ်သောကြောင့် အမျိုးသားတွေလည်း မိမိ ရင်သားတွေကို ဂရုစိုက်ဖို့၊ ဆေးစစ်ဖို့ လိုအပ်ပါတယ်။

၅) နောက်ဆုံးတစ်ခုက Body shaming ထဲမှာလည်း boobshaming ကို သီးသန့်လုပ်တတ်ကြသူတွေလည်း တစု ရှိကြပါတယ်။ အမျိုးသမီးတွေရဲ့ ရင်သားတွေကို လိင်စိတ်အားသာဖြေလို့ရတဲ့ ပစ္စည်းတစ်ခုလို သီးသန့်ကြည့်တာမျိုးတွေကလည်း လုပ်ကြတယ်။ အမျိုးသမီးအချင်းချင်းရော၊အမျိုးသားတွေပါ ရင်သားတွေကို ကြည့်ပြီးရင် "ကြီးလိုက်တာ" " သေးလိုက်တာ" ဆိုတာမျိုးတွေနဲ့ တုန့်ပြန် ပြောဆိုကြတယ်။ ဒီနေရာမှာ ဉာဏ်ရှိရှိနဲ့ သတိရဖို့လိုတာက လူသားတွေနည်းတူ ရင်သားတွေကိုလည်း ပုံစံ၊ အရွယ်အစား နဲ့ အရောင် မတူညီစွာ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ဟာက ဘယ်အရောင်ဖြစ်လို့ ဘယ်အရွယ်ဖြစ်လို့ ပိုလှတယ်၊ပိုကျန်းမာတယ်၊ပိုကောင်းတယ်ဆိုတာမျိုး သတ်မှတ်ချက်မရှိထားဘူး။ ဘာကြောင့်လဲဆိုတော့ ရင်သားအားလုံးက လှပပြီး အလုပ်များစွာကို လုပ်နိုင်ကြလို့ပဲ။

Ref: https://www.hercampus.com/.../everything-you-need-know... https://www.worldlifeexpectancy.com/myanmar-breast-cancer...


3 views0 comments