Search
  • Nandar

ပိပိတို့အကြောင်း တစေ့တစောင်း


မြန်မာနိုင်ငံတော်ကြီးမှာ မွေးဖွားကြီးပြင်းလာသူတိုင်းအတွက် ပိပိတို့စကားဝိုင်းက အင်မတန်မှ စိတ်မသက်မသာဖြစ်စေတာ အားလုံး သိကြလိမ့်မယ်။ပိပိအကြောင်းတစ်ခုတည်းတင် မဟုတ်ပါဘူး အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နှင့်ပတ်သက်လာပြီးဆိုရင် အရှက်တရားတွေ ပြည့်နှက်တတ်နေတတ်လေ့ရှိတယ်။ ဥပမာနောက်တခုက-ရာသီသွေး နဲ့ ပတ်သက်တဲ့ စကားဝိုင်းကိုပဲ ကြည့်လိုက်ပါ။ အမျိုးသမီးငယ်တယောက် ပထမဆုံး ရာသီလာပြီဆိုတာနဲ့ မိသားစုဝင်တွေက pad (ခိုးကြောင်ခိုးဝှက်) စီစဉ်ပေးတာက လွှဲလို့ ရာသီသွေးဆိုင်ရာ အသိပညာပေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကို မျှဝေသင်ကြားပေးခြင်း လုံးဝမလုပ်ကျဘူး။ ရာသီ ဘာကြောင့်လာတာလဲ။ ရာသီလာခြင်းကြောင့် ခန္ဓာကိုယ် နှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဘယ်လို ဖြစ်လေ့ရှိလဲ စသော သတင်းအချက်အလက်ကို မသိပဲ ကြီးပြင်းလာခဲ့ရတယ်။

မိမိ ခန္ဓာကိုယ်အကြောင်းကို မိမိ သိခွင့်၊နားလည်ခွင့် မရဘဲ ကြီးပြင်းလာရတဲ့ ကျမတို့ အတွက်က အမျိုးသမီးခန္ဓာကိုယ်ကို နှိမ့်ချဆက်ဆံတဲ့ ရှေးရိုးစွဲအမြင်တွေကို လက်ခံယုံကြည်ဖို့ လွယ်ကူလာတယ်။ အမျိုးသမီးခန္ဓာကိုယ်ကို ဘုန်းနှိမ့်တဲ့အရာလို့ ခံယူတာတွေ၊ အမျိုးသမီးရဲ့ ပိပိက ပန်းတွေလို မွှေးကြိုင်အောင် ထားရမယ်လို့ ဖိအားပေးခံနေရတာတွေကို ပြောင်းလဲဖို့ဆိုတာက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အကြောင်း လေ့လာပြီး နားလည်ဖို့ လိုအပ်မယ်။

ပိပိ အကြောင်းကနေပဲ စလိုက်ချင်တယ်။

၁။ ပထမဆုံးအချက်ကတော့ ပိပိကို ချစ်ပါ။ ပိပိကို ချစ်ဖို့ ပိပိကို သိဖို့လိုမယ်။ ကိုယ့်ပိပိကို မှန်ထောင်ပြီး ကြည့်ပါ။ လေ့လာပါ။ မိမိ ပိပိက ဘယ်လို ပုံစံ၊အရောင်နဲ့ အရွယ်အစားရှိလဲဆိုတာ သိထားတာက သိပ်ကို စိတ်ကျေနပ်စရာကောင်းတဲ့ သိမှုတစ်ခုပါ။ မကြာခဏ ဒီလို ကြည့်ပေးပါ။

၂။ ပိပိက ညစ်ပတ်တဲ့ အရာ မဟုတ်တဲ့အတွက် အမွှေးအကြိုင် ဆပ်ပြာရည်၊သန့်စင်ရည်တွေနဲ့ ဆေးကြောနေဖို့ မလိုအပ်ပါဘူး။ ပိပိကိုယ်တိုင် သဘာဝအလျောက် မိမိ သန့်ရှင်းရေးတာဝန်ကို ယူလုပ်တတ်ပါတယ်။မိမိ ပါးစပ်မှာ မထည့်သည့်အရာကို ပိပိမှာလည်း မထည့်ပါနဲ့ လို့ ဟာသဆန်ဆန် ပြောထားတာ မှန်ပေမဲ့ တကယ့်ကို အသုံးဝင်တဲ့ ဆန်းစစ်နည်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ပိပိမှာ တစ်ခုခု အသုံးပြုတော့မယ်ဆိုရင် ဒီစကားကို သတိရစေချင်ပါတယ်။ လေ့လာတွေ့ရှိချက်အများစုရဲ့ ထွက်ဆိုချက်အရဆိုရင် ဆပ်ပြာရည် နှင့် အမွှေးနံသားရည်တွေနဲ့ ဆေးကြောခြင်းဟာ ပိပိထဲမှာ သဘာဝအတိုင်း ဟန်ချက်ညီညီရှိနေတဲ့ ဘက်တီးရီးယားတွေကို အနှောက်အယှက်ပေးစေနိုင်ပြီး ရောဂါပိုး (ကာလသားရောဂါအပါအဝင်) ဝင်ဖို့ လွယ်ကူးစေနိုင်တယ်လို့သိရပါတယ်။ဒါ့ပြင် သားအိမ်ခေါင်း ကင်ဆာ (cervical cancer) နှင့် တင်ပဆုံအရိုးကွင်းယောင်တာ (pelvic inflammatory) ရောဂါရနိုင်ချေကိုလည်း မြင့်တက်စေတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ပိပိထဲကို ဆရာဝန်ရဲ့ ညွှန်းကြားတွေမပါပဲ ဘာဆေးရည်၊ဆပ်ပြာရည်မှ မထည့်ကျပါနဲ့။ အတွင်းခံတွေကိုလည်း ဆပ်ပြာရည်တွေအရမ်း အသုံးပြုပြီးလျှော်တာမျိုးတွေ မလုပ်ပါနဲ့။ ပုံမှန် အဝတ်စား လျှော်တဲ့ ပမာဏကိုပဲ သုံးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ The vagina is a self-cleaning organ.

၃။ ပိပိဟာ ကျမတို့ ထင်ထားတာထက် ပိုမို သန်စွမ်းတဲ့ ကြွက်သားကို ပိုင်ဆိုင်ထားပါတယ်။ ပိပိကို ဝန်းရံထားတဲ့(အကွင်းတဝှက်က) ကြွက်သားရိုးတွေဟာ အနည်းဆုံး ၂၀၀% ဆွဲဆန့်လို့ရတတ်ပါတယ်။ (ဥပမာ- ခလေးမွေးတဲ့ အချိန်မျိုးဆိုပါစို့။)

၄။ ပိပိမှာ အပေါက် နှစ်ပေါက်ရှိပါတယ်။ Clitoris လို့ခေါ်တဲ့ အစေ့အောက်က ရှူးရှူးပေါက်တဲ့အပေါက်(urethera) ဖြစ်ပြီး အဲ့ဒီ အောက်က အပေါက်က vaginal opening လို့ခေါ်တဲ့ ရာသီလာဖို့ နဲ့ ခလေးမွေးးဖို့ ( မွေးချင်သူများအတွက်) ဖြစ်တယ်။

၅။ Clitoris လို့ခေါ်တဲ့ အစေ့ဟာ အမျိုးသမီးတွေ လိင်စိတ်အားသာဖြေမှု ရဖို့အတွက် သီးသန့်ရှိထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်ပြီး penis ထက် nerve ကြောပေါင်း နှစ်ဆထက် နှစ်ဆပို (8,000 nerve fibers) ရှိတယ်လို့လည်း သိရပါတယ်။

ကိုယ့်ပိပိကို ကိုယ် ပိုနားလည်ဖို့ ဒီနေ့ပဲ စပြီး မှန်ထဲမှာ လေ့လာလိုက်ကြစို့။ ပိပိဟာ အမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်နေတဲ့အတွက် အခြားခန္ဓာကိုယ်နည်းတူ သူ့ကို သိဖို့၊ နားလည်ဖို့ နဲ့ ကျန်းမာအောင် ထားဖို့ ကျမတို့တွေမှာ တာဝန်ရှိတယ်။ အူ၊အသည်း၊အဆုတ်တွေ ပြဖို့ ဆရာဝန်ဆီ မကြာခဏ သွားလေ့ရှိပေမဲ့ ပိပိနဲ့ပတ်သက်တဲ့ ပြဿနာနဲ့ ရောဂါဝေဒနာ ခံစားလာရပြီးဆိုရင် အရှက်တရားနဲ့ ဖုံးဖိလိုက်တာတွေ လုပ်လေ့လုပ်ထရှိတယ်။ ဒီလို အရှက်တရားတွေရဲ့ ဖုံးလွှမ်းမှုတွေက အသက်များစွာကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ပိပိကို ကိုယ်ဂရုစိုက်ပါ။ လေ့လာပါ။ နားလည်အောင်လုပ်ပါ။ ဝေဒနာခံစားနေရတယ်ဆိုရင်လည်း ဆရာဝန်တွေ သွားရောက်ပြသပါ။ ကုသမှုခံယူပါ။ ပိပိတို့ စကားဝိုင်းကို သူငယ်ချင်းတွေနဲ့ ဆွေးနွေး တိုင်ပင်မျှဝေပါ။

#vaginadialogues #knowyourvagina #feministtalks


511 views0 comments